Friday, August 3, 2007

The Boy's Birthday

မိဘဟူသည် တောင်းစုတ်ပလုံးစုတ်သာ ပစ်ရိုးထုံးစံရှိသည်။ သားသမီးကို မပစ်။ ဆိုတဲ့ စကားရှိတယ်လေ။ ဒီနေ့ ကျွန်တော့် မွေးနေ့လေ အဖေနဲ့ အမေကို ကျွန်တော်ပိုပြီး သတိရ လာမိတယ်ဗျာ။ ကျွန်တော်ဟာ မိဘမေတ္တာ ငတ်ခဲ့ရသူပါ။ ဒီအကြောင်းကို ပြန်ပြန်တွေးရင် မျက်ရည်လည်လည် နေမိတာကြောင့် ပြန်သတိမရတာ ကြာလှပါပြီ အခုတော့ ဒီ Blog ပေါ်မှာပဲ ဖွင့်ချလိုက်ပါတယ်။ ကျွန်တော် မိုးကုတ်မြို့၊ ကျောက်ပြဿာဒ်ရွာ မှာ ကျွန်တော့်ကို မိဘနှစ်ပါးက မွေးဖွားခဲ့ပြီး မိခင်ရဲ့ အမေ ကျွန်တော့် အဘွားနဲ့အတူ နေထိုင်ခဲ့ရပါတယ်။ သူက အဖေနဲ့ အမေဟာ ကျွန်တော် ကျောင်းတက်တက်ချင်း အချိန်မှာပဲ။ မိုးကုတ်မြို့ (အနောက်ပိုင်း) ကျပ်ပြင်ဈေးရပ်ကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော် သူတို့နဲ့ မလိုက်သွားခဲ့ရပါဘူး အဘွားနဲ့အတူ နေထိုင်ခဲ့ရပါတယ်။ အဲ့ဒီတုန်းက အဖေနဲ့ အမေလာတိုင်း ကျွန်တော်ငိုတယ် အတင်းဆွဲထားတယ်။ အဲ့ဒီအဖြစ်လေးတွေကို ကျွန်တော် မှတ်မိနေဆဲပါ။ ဒီလိုနဲ့ ကျွန်တော် (၄)တန်း ရောက်လာတော့ ကျွန်တော့်ကို အဖေနဲ့ အမေက သူတို့နဲ့ နေဖို့ခေါ်ထားခဲ့တယ်လေ အဲ့ဒီအချိန်မှာ ကျွန်တော့်မှာ ညီလေး တစ်ယောက် လောကကြီးထဲရောက် နေပါပြီ။ (၅)တန်း တစ်နှစ်ပဲ အဖေ၊ အမေနဲ့ ကောင်းကောင်း နေခဲ့ရ ပါတယ်။ အဲ့ဒီအချိန်တွေမှာ ကျွန်တော် အများကြီး ပျော်ခဲ့တယ် ၀မ်းသာခဲ့တယ်။ ဒါပေမယ့် အချိန်က သပ်မကြာလိုက်ပါဘူး။ ကျွန်တော်(၆)တန်းအရောက်မှာ မိုးကုတ် မှ ဆရာမတစ်ချို့ ရဲ့ သင်ကြားပို့ချမှုကို ကျွန်တော့် မိဘများ မနှစ်သက်ကြလို့ ကျွန်တော့်ကို စစ်ကိုင်းမြို့ က အဖေ့ မိဘများနဲ့ အတူ စစ်ကိုင်း အထက (၂)ကို ပြောင်းရွှေ့ထားခဲ့ ပါတယ်။ ကျွန်တော် စစ်ကိုင်းမှာ မိုးတွေရွာတိုင်း မိုးရွာထဲထွက်ပြီး ငိုလေ့ရှိတယ် အဖေနဲ့ အမေကို လွမ်းလို့ ပေါ့။ အဖေလာမယ် လို့များ သတင်းကြားရင် ကျွန်တော့်မှာ လေ အိမ်နဲ့ တော်တော် အလှမ်းဝေး တဲ့ အဝေးပြေး လမ်းမကြီးဘေးက မှတ်တိုင်လေး နားမှာ ကျွန်တော် ကျောင်းဆင်းတိုင်း ထိုင်စောင့်နေလေ့ ရှိပါတယ်။ အဖေမလာရင် ကျွန်တော်ငိုတယ်။ အမြဲဝမ်းနည်း ရလေ့ရှိတယ်။ လောကကြီးမှာ ဘာမှ အများကြီး မလိုချင်ဘူး။ အဖေကနေ ကျွန်တော့်ပခုံးကို ဖက်ထားပြီး ငါ့သားကွလို့ မော်ကြွားတဲ့ အပြုံးလေးတွေကို လိုချင်တယ်။ အမေရင်ခွင်ထဲမှာ ကလေးလေး တွေလိုပဲ ဖက်ပြီး အိပ်ချင်မိတယ်။ ကျွန်တော် (၉)တန်း ပြီးလို့ မိုးကုတ်မှာ နေချင်တယ် ဆိုတဲ့ ဆန္ဒအရ အဖေနဲ့အမေ ကျွန်တော့်ကို မိုးကုတ်ပြန်ခေါ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ မိသားစု ဘ၀လေးထဲကို ညီမလေးတစ်ယောက် ရောက်ရှိနေပြန်ပါပြီ။ ကျွန်တော်ဟာ ဘော်ဒါဆောင်တစ်ဆောင်မှာ နေ့/ညနေခဲ့ရပြီး စနေ တစ်ရက်သာ ပြန်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ပျော်တယ်။ အဖေနဲ့ အမေ ကျွန်တော့်အဆောင်လာလာပြီး အားပေးတဲ့ နေ့တွေဆို ကျွန်တော်အရမ်းဝမ်းသာခဲ့တယ်။ ၁၀ တန်းပြီး ကတည်းက ကိုယ့်လမ်းကိုယ်လျှောက်ဖို့ စဉ်းစားဆုံးဖြတ်ခဲ့ပြီးတော့ အဖေနဲ့ အမေကို ကျောခိုင်းကာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ ကြိုးစားခဲ့ရင်းက ဒီနေ့ဆို အဖေနဲ့ အမေရယ် (၆)နှစ်ရှိပြီနော်။ ၁၉၈၄ ခုနှစ် သြဂုတ်လ (၃) ရက်နေ့မှာ လူ့ဘ၀ထဲစရောက်ခဲ့ပြီး ဒီနေ့အထိ ကျွန်တော်လေ ယုံကြည်ရာ မျှော်လင့်ချက် တစ်ခုအတွက် မိဘဆိုတာလဲ ခွဲခွာခဲ့ရတယ်။ ချစ်သူကလည်း စွန့်ခွာသွားတယ်။ ဘယ်တော့မှ ရောက်မယ်မှန်းမသိရတဲ့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်ကို သွားတဲ့လမ်းမှာ Blogger သူငယ်ချင်းတွေ၊ အပြင်က သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အားလုံးဟာ ကျွန်တော့်အတွက် အထီးကျန် ဆန်ခြင်းကို အဝေးကို ထွက်သွားစေပါတယ်။ ပျော်ရွင် စေပါတယ်။ စိတ်ချမ်းမြေ့စေပါတယ်။ ဒါ့ကြောင့် အားလုံးကို ကျွန်တော် အမျှော်လင့်ဆုံး တောင်းပန်ချင်တာတော့ ကျွန်တော့်အပေါ် စိမ်းစိမ်းကားကားမလုပ်ကြပါနဲ့လို့ နောက်ပြီး ကျွန်တော်ရယ်လို့ အောင်မြင်လာအောင် အရောင်တင်ပေးခဲ့တဲ့ အဖေနဲ့အမေ၊ တကယ်ကို အဖေနဲ့ မခြားတဲ့ ကျွန်တော့် ဆရာသမား၊ အကိုနဲ့မခြားတဲ့ ဆရာသမားများ အားလုံးအား လက်ဆယ်ဖြာ ထိပ်မှာမိုးလို့၊ ငါးပါးသောထိခြင်းဖြင့် ရှိခိုးကန်တော့ပါ၏၊ ဒုတိယံမိ ရှိခိုး ကန်တော့ပါ၏၊ တတိယံမိ ရှိခိုး ကန်တော့ပါ၏ ခင်ဗျား။

3 comments:

Chan Mya Soe said...

ပျော်ရွှင်ဖွယ်မွေးနေ့ပါ ညီရေ
အသက်တစ်နှစ်ကြီးလာသလို ဗဟုသုတ ဥာဏ်ပညာ ပစ္စည်းဥစ္စာတွေလည်း ပိုပြီး တိုးပွားလာနိုင်ပါစေလို့ ဆုတောင်းပါတယ်။ စိတ်ချမ်းသာမှုကတော့ ပိုပြီး ပိုပြီး တိုးပွားလာနိုင်ပါစေ :)

ထွန်း said...

သာယာပျော်ရွင်စရာကောင်းတဲ့ ဘ၀လေးပိုင်ဆိုင်ပါစေကွယ်. မိဘကျေးဇူး မမေ့သူ မကောင်းမှု့ ဖယ်ရာ မင်္ဂလာတဲ့... မင်္ဂလာအပေါင်းနဲ့ ပြည့်စုံရင် မှန်ကန်တဲ့ သူနဲ့ တွေ့ ရမှာပေါ့လေ...

if u have health problem, pls visit http://baindaw.blogspot.com/ and some health post on http://joyful4all.blogspot.com/. Take care....

s_potato said...

သာဓု သာဓု သာဓုကွယ်
အခုလို ရိုသေထိုက်သူကို ရိုသေရတဲ့အတွက်ကြောင့်
မောင်မင်းကြီးသား ကျန်းမာပါစေတော်