Monday, April 30, 2007

ဗိုင်းဗိုင်းကိုက်၍ ဒိုးဒိုးပြုတ်ခြင်း (သို့) keylogger(brontok)

ဗိုင်းဗိုင်းကိုက်၍ ဒိုးဒိုးပြုတ်ခြင်း (သို့) keylogger ဗိုင်းရပ်

ကျွန်တော့်စက် တစ်ရက်နဲ့တစ်ရက် လေးလာပါတယ်။ အလုပ်လုပ်လို့ မရတော့ အောင်ကို နောက်ဆုံး လေးလာတာမို့ Ctrl+Alt+Delaete လေးနှိပ်ပြီး task manager ကိုကြည့်လိုက်ရာမှာ တော့ ရုတ်တရက် ပြုတ်ကျသွားတယ်။ ဒါနဲ့ ကျွန်တော်လည်း မတောက်တခေါက်ပညာလေးနဲ့ စမ်းသပ်ကြည့် လိုက်တော့ Regedit လည်းဝင်လို့မရဘူး ပြုတ်သွားပြန်တယ်။ အံ့သြမင်သက်သွားပြီး AVG Anti-Virus ကို အကူအညီတောင်းမလို့ ကြည့်လိုက်တော့ ဒီကောင်ကအရင်လှစ်သွားပြီ Start Menu ထဲကနေသွားခေါ်တော့ ပွင့်လာပါတယ်။ ဒါပေမယ့် ပြန်ပိတ်သွားတယ်။ ဟာဒီကောင်လည်း အားမကိုးရပါလား။ သိမ်းထားတဲ့ ဖိုင်တွေကို ပြန်စစ်ကြည့်လိုက် မိတယ် ကြောက်ကြောက်လန့်လန့်နဲ့ပေါ့ နာမည်တူ ဖိုင်တွေ အများကြီးပွားနေတယ်။ ဒါဆို Hidden File လေးတွေ ကြည့်မယ်ဆိုတော့ Tools Menu ထဲက Folder option ကို ဖွင့်လိုက်တော့လည်း ပြန်ပြုတ်သွားတယ် သေပီဆရာ ခေါင်းကိုပူသွားတာပဲ။ သေချာပါတယ် ဗိုင်းရပ် တက်နေတာ ဒီကောင် ကျွန်တော့်ကျွန်ပျူတာ ထဲမှာ အိမ်ထောင်တွေ ဘာတွေကျလို့ သားသမီးတွေ မွေးထားလိုက်တာ မနည်းဘူး။ ဒီလောက်နဲ့ တော့ ဘယ်အလျှော့ပေးမလဲ ကျွန်တော်ရဲ့ အချစ်တော် Anti-Virus လေးဖြစ်တဲ့ McAfee 2006 Version 10 ကို ပွဲထုတ်မယ်လို့ ကြံပြီး စီဒီကိုထည့်လိုက်တယ်။ ဖိုင်ကိုဖွင့်လိုက်တော့ မပွင့်ဘူးဗျာ ပြုတ်သွားတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း တစ်ခြား ဆော့ဝဲ အသေးလေးကို အင်စတော လုပ်ကြည့်လိုက်တော့ ရတယ်ဗျ။ ဦးနှောက်ထဲ တစ်ခုဝင်လာတယ်။ ကျွန်တော်လည်း New Folder တစ်ခုဖွင့်လိုက်တယ် File Name ကို Anti-Virus လို့ ပေးလိုက်တယ်။ ဖွင့်ကြည့်လိုက်တော့ မရဘူး။ သဘောပေါက်ပြီ။ File Name တွေပြောင်းပြီး အင်စတော လုပ်ကြည့်တယ်။ မရဘူးဗျ။ လုပ်နေရင်း နောက် စက်တစ်လုံး ထပ်ကြွသွားတယ်။ ဖြစ်မှာပေါ့ Memory Stick နဲ့ ဖိုင်တွေ ပြောင်းပြီး အလုပ်လုပ်တာကိုး။

ထစ်ခနဲ ဖြစ်လာတော့ ဆရာသမားတစ်ယောက်ကို သတိရလာပါတယ်။ တစ်ခြားလူမဟုတ်ပါဘူး MCC က ဆရာဆန်းဦး ပါ။ ဆရာ့ဆီကို စက်နှစ်လုံးထမ်းပြီး အသဲအသန်ပြေးခဲ့ပါတယ်။ ဟိုရောက်တော့ ဆရာ့ဘေးမှာ ကျွန်တော် ထိုင်ပြီး ဆရာလုပ်တာလေးတွေကြည့်နေတယ်။ မနိုင်ဘူးဗျာ ကိုကို ဗိုင်းရပ်ကို ။ ကျွန်တော့် ဟာ့ဒစ် ကို ဆရာ့စက်လေးနဲ့ ချိတ်လိုက်တာ သွားပါလေရော။ ဆရာစက်ရော။ ဒါနဲ့ကျွန်တော် ဦးနှောက်ခြောက်တာနဲ့ MICT ပေါ်က ကန်တင်း လေးမှာ လက်ဖက်ရည်သောက်၊ ဆေးလိပ်လေးဖွာရင်း လွယ်အိတ်ထဲကို စမ်းကြည့် မိလိုက်တော့ ကျွန်ပျူတာဂျာနယ် (၂၀၀၇ ခုနှစ် မေလ)ထုတ်လေးပဲ။ ခေါင်းစဉ် ကြည့်လိုက်တော့ (ဗိုင်းရပ်များ ကို အပြတ်နှိမ်နင်းနည်း)တဲ့ ပျင်းပျင်းရှိတာနဲ့ ကောက်ဖတ်လိုက်တော့ Kaspersky Anti-Virus လေးကို ညွှန်းထားလေရဲ့။ ဒါနဲ့ အင်စတော စီဒီတွေရောင်းတဲ့ဆိုင်လေးမှာ Kaspersky Internet Security 6.0 ခွေလေးတစ်ခွေကို (၆၀၀)ပေးပြီး ၀ယ်ခဲ့လိုက်ပါတယ်။ ဟဲဟဲ ဒေါ်လာလို့တော့မထင်လိုက်ကြပါနဲ့။ ဗမာငွေ စစ်စစ် (၆၀၀)ကျပ်ပါ။ ဆရာဆန်းဦး နဲ့ ကျွန်တော် စမ်းသပ်ကြည့်လိုက်တော့ အဆင်ပြေသွားတယ်။ ထီပေါက်သလောက်ပျော်ပါတယ်။ သုံးလလောက်လုပ်ရင်တောင်မပြီးနိုင်တဲ့ Dita File တွေရှိတာကြောင့်ပါ။ အဲ့တစ်ခုပြောရဦး မယ် Kaspersky ကနည်းနည်းလေး ဘ၀င် ကြောင်တယ်ဆရာ။ ဘယ် Anti-Virus နဲ့မှ အတွဲမခံဘူး အကုန်ဖြုတ်ခိုင်းတယ်။

စစ်ကြည့်လိုက်လို့ တွေ့တဲ့ အကောင်တွေကတော့ Email-worm တွေပါ။ စက်လေးယူလာပြီး ပြန်တပ်လိုက်တယ်။ ညရောက်တော့ နောက်တစ်လုံး ထပ်ကြွသွားတယ်။ ဒါနဲ့ ကိုချမ်းမြစိုး ကို မေးလိုက်တော့ keylogger ဖြစ်ကြောင်းသိလိုက်ရပါတယ်။ keylogger ကို ကျွန်တော်လည်း Kaspersky နဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။ အဆင်ပြေသွားပါတယ်။ ကိုချမ်းမြစိုး ပေးတဲ့ တစ်ခြား ဆော့ဝဲတွေနဲ့လည်း တွယ်လိုက်ရပါ သေးတယ်။ အားရှိပါးရှိ ကလဲ့စားချေလိုက်ရတာပေါ့။

ကျွန်တော့်ကို အကူအညီ အများကြီး ပေးခဲ့ကြတဲ့ ဆရာဆန်းဦး နဲ့ ကိုချမ်းမြစိုး တို့ ကို အများကြီး ကျေးဇူးပါကြောင်း ပြောကြားလိုပါတယ်။

ဆရာဆန်းဦး ရေးထားတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ် [Lick]

http://aclmdy.blogspot.com