Friday, July 20, 2007

Mandalay Rain


မန္တလေးမှာ မိုးပြန်ရွာပါပြီ။ -----
ကျွန်တော့် အခန်းရဲ့ ပြတင်းကနေ ရေစက်လေးတွေ လွင့်စင်နေတာကို မြင်လိုက်ရတယ်။ - - - -
ပြန်သတိရမိတယ်ဗျာ။ ကျွန်တော်မြို့လေးကိုပေါ့ ကျွန်တော်မွေးခဲ့တဲ့ မိုးကုတ်မြို့လေးဟာ တစ်နှစ်ပါတ်လုံးနီးနီး မိုးအဆက်မပြတ် ရွာတတ်တဲ့ အလေ့အထမျိုး ရှိပါတယ်။ ကျွန်တော် ငယ်ငယ်ကဆို ကျောင်းသွားတော့မယ် ဆိုတာနဲ့ လွယ်အိတ်လေးကို ပလတ်စတစ်အိတ်လေးစွပ် မိုးကာလေးခြုံ၊ ထမင်းထုပ်လေး ဆွဲပြီး သူငယ်ချင်းတွေနဲ့ အတူ (၄)မိုင်လောက် ဝေးတဲ့ မြို့ပေါ် ကျောင်းလေးကို ရွာကနေ သူငယ်ချင်းများ စုပေါင်းပြီး လမ်းလျှောက် သွားကြရပါတယ်။ တစ်ရွာလုံးက မြို့ကို ကျောင်းတက် ရမယ့် ကျောင်းသူ/သား တွေ အတူတူသွားကြရတာ ဆိုတော့ အရမ်းကို ပျော်စရာ ကောင်းပါတယ်။ ကျွန်တော်တို့ ကျောင်းဝတ်စုံ တွေကို ရေမစိုနိုင်အောင် သေချာ ထုပ်ခဲ့ရပါတယ်။ ကျောင်းရောက်မှဝတ်ဖို့ ပေါ့လေ လမ်းတစ်လျှောက် ထီးမပါလာတဲ့သူကို ထီးဝိုင်းမိုးပေး ဟိုဖက်ထီးပြောင်းခိုလိုက် ဒီဘက်ထီး ပြောင်းခိုလိုက်နဲ့ စကြနောက်ကြတာပေါ့။ ဒီကြားထဲ လမ်းဘေးမှာ ကျောက် ရှာသူကရှာ၊ ကျောက်လေးများ ရလိုက်လို့ကတော့ ကျောက်ရောင်းတဲ့ ဌာပွဲ ကိုတစ်ချိုးတည်း ပြေးရောင်းပြီး မှုန့်ဝယ်စားကြ ပါတယ်။ မိုးရွာပြီဆိုတာနဲ့ မိုးကုတ်မှာ ကလေးတွေ အော်အော်နေကြတဲ့ တဘောင် စာချိုးလေးကို အော်ဆိုကြရင်းနဲ့ပေါ့ “မိုးကြီးကြီးရွာပါစေ ကျောက်ကြီးကျောက်ကောင်း ရပါစေ”

ဒါနဲ့ ကျွန်တော် အာရုံတွေများနေလိုက်တာ။ နောက်ပြီး ကျွန်တော် ထီးလေးတစ်ချောင်းကို ဆွဲပြီး ကျုံးဘေးကို ထွက်လျှောက် လာခဲ့ပါတယ်။ ကျုံးဘေးမှာ လမ်းလျှောက်ရင်း တစ်စုံတစ်ရာကို ဆွေးမြေ့နေမိတယ်။ မှိုင်းအုံ့အုံ့ မန္တလေးတောင် ပွက်ပွက်ထ နေတဲ့ ကျုံးရေပြင်တို့ရဲ့ အလှအပကို အသက်မဲ့စွာ ငေးမောမိပါတယ်။ မိုးက အပြင်းအထန်ရွာနေတာ မဟုတ်လေတော့ ထီးလေး တစ်ချောင်းနဲ့တင် မိုးမစိုဖို့ လုံလောက်ပါတယ်။ တစ်ချို့ ကျောင်းသူ/သား အရွယ်လေးတွေ ဆိုင်ကယ်တွေနဲ့ မိုးရွာထဲ မှာ လျှောက်မောင်းနေကြတယ်။ ဒါလဲ မန္တလေးမြို့ရဲ့ အလေ့အထလေးပါပဲ။ ဒီလိုနဲ့ ကျွန်တော် ပြန်မယ်လို့ ဆုံးဖြတ်ပြီး လှည့် အထွက်မှာ ပါးပြင်ပေါ်က ပူကနဲ ခံစားလိုက်ရပြီး ရေစက်တစ်ချို့ စီးကျလာပါတယ်။ ကျွန်တော်ပါးကို ကျွန်တော် စမ်းကြည့်တယ်။ မိုးရေစင်နိုင်စရာအကြောင်းမရှိပါဘူး။ ဒါမျက်ရည်ပူတွေပါ။ သြော် ဒီမိုးဟာ ကျွန်တော့်ရဲ့ တစ်ချိန်က ဒဏ်ရာ ဟောင်းလေးကို ထိုးဆွနေပြန်ပြီကိုး -----------------
ကျွန်တော့်ကို ကိုချမ်း (ချမ်းမြစိုး) က မိုးအကြောင်းရေးပေးဖို့ tag လုပ်ဖူးပါတယ်။ ဒါပေမယ့် အလုပ်အရမ်းများနေတဲ့ အချိန် ဖြစ်နေတဲ့ အတွက် ကျွန်တော်မရေးနိုင်ခဲ့ပါဘူး။ ကဲ ဒီ post နဲ့တင် ကျေပါတော့ မအေးစိန် /အဲလေ ကျေပါတော့ ကိုချမ်းမြစိုး။

No comments: