ကျွန်တော် Post တင်တာ နည်းနည်းလေး လျှော့သွားတယ်လို့ ထင်ပါလိမ့်မယ်။ ဟုတ်ပါတယ် ကျွန်တော် အနည်းငယ် ငြိမ်နေပါတယ် ဘာလို့လဲဆိုတော့ သိတယ်မဟုတ်လား။ မဟုတ်တာ လုပ်နေတာ။ တစ်နေ့က ကိုဘလာဂေါက် တို့ရေးထားတဲ့ Blog Time ဆိုတဲ့ ဟာဟ စာစောင်လေးကို ဖတ်လိုက်ရတယ်။ ကျွန်တော် အတော်ကို သဘောကျသွားမိတယ်။ သူတို့ရေးထားတာ အားလုံးလိုလို ကောင်းကောင်း ရယ်ရတယ်။ ဒါပေမယ့် မန္တလေးနဲ့ ပါတ်သက်မယ့် သတင်းတွေကို တော့ နည်းနည်း အလှမ်းဝေးနေတာကို တွေ့ရလို့ ကျွန်တော်လည်း မန္တလေးနဲ့ ပတ်သက်ပြီး ရေးမယ်လို့ စိတ်ကူးရလို့ (၃)ရက်တိတိ ထမင်းမစားနိုင် ရေမသောက်နိုင်အောင်ကို မန္တလေး Blogger ဟာသဂျာနယ်လေး ထွက်ဖို့ သူငယ်ချင်း ကျန်စစ်ဖုန်း(ခ)နီတိ(ရတနာပုံ)၊ လွင်ကိုလတ်၊ နေပိုင်(ကွန်ပျူတာတက္ကသိုလ်) နှင့် အခြား အမည်မဖော်ပြပါနှင့် ဆိုသော Blogger ကြီး (၂)ဦးနှင့် တိုးတိတ် တိုင်ပင်ကာ ကြိုးစားရေးသား ရေးသားခဲ့ပါတယ်။ ထို Online Journal လေးအား MDY 007 အား လို့ အမည်ပေး ထားလိုက်ပါတယ် အကြောင်း ကတော့ မန္တလေးမှ Blogger (၇)ဦးမှ ရေးသား သောကြောင့်သာ ဖြစ်ပါသည်။ အဲ့ဒီထဲမှာ နစ်နာစေရန် မရည်ရွယ်ဘဲ နစ်နာမှု ရှိသွားသူအားလုံးကို ကျွန်တော် ဒီနေရာကတင် တောင်းပန် လိုက်ပါတယ်။ ဂျာနယ်လေး အတွက် ကျွန်တော် Blog တစ်ခု စီစဉ်ရေးသားထားပါတယ် http://mdy007.blogspot.com/ ဖြစ်ပါတယ်။ (၃၀-၇-၂၀၀၇) ရက်နေ့မှာ ဈေးဦးပေါက် ပထမဦးဆုံး စတင် လွင့်ထုတ် နိုင်ခဲ့ပါတယ်။ Upload လုပ်ပြီး (၆)နာရီအကြာမှာတင် ပရိတ်သတ်များထံမှ ကြီးမားသော အကောင်းပြ တုန့်ပြန်မှုတွေကို G-Talk ကနေတစ်ဆင့် ကြားသိခဲ့ရလို့။ အားလုံး ၀မ်းသာပီတိဖြစ်မိ ပါတယ်။ အစကတော့ ကျွန်တော်ရေးတယ် ဆိုတာ ဖုံးကွယ်ထားဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် ကျွန်တော် အဲ့ဒီလို လုပ်ခဲ့ရင် ခိုးကြောင်ခိုးဝှက် လုပ်ရာကျမယ်၊ သူရဲဘောကြောင်ရာကျမယ်၊ လို့ တွေးမိပြီး ထုတ်ဖော် ပြောကြား ရခြင်းသာဖြစ်ပါတယ်။ အဲ့ဒီဂျာနယ်လေးကိုလည်း ဒီ [Link]မှာ နှိပ်ပြီး Download လုပ်ယူနိုင်ပါတယ်။
Tuesday, July 31, 2007
Wednesday, July 25, 2007
Happy Birthday Shwe Pont
“ ရွှေပုံ့ ”တဲ့ နာမည်လေးက သူ့ကိုခင်တဲ့သူတွေကတော့ ဂူဂူး လို့ခေါ်ကြပါတယ်။ မိုးကုတ်သူလေး တစ်ယောက် ဖြစ်ပါတယ်။ သူအခုတော့ မန္တလေးမှာပါ။ ကျွန်တော်နဲ့ ခင်ကြတာဟာ သိပ်ပြီး မကြာသေးပါဘူး။ ဒါပေမယ့် ကျွန်တော် ညီအမ အရင်းအဖွယ် ခင်မင်မိပါတယ်။ ဒီနေ့သူ့ ၂၄ နှစ်ပြည့်မွေးနေ့တဲ့။ ဆုတောင်းပေးပါရစေ။ “ ပျော်ရွင် ချမ်းမြေ့သော ဘ၀တစ်ခုကို မိမိ ချစ်ရသောသူနှင့် အတူတကွ လျှောက်လှမ်းနိုင်ပါစေ ” မွေးနေ့ လက်ဆောင် အဖြစ် သူ့ Blog မှာ banner လေးတစ်ခု ဆွဲပေးပါရစေ။
ဒါက မွေးနေ့ကိတ်လေး
ဒါက မွေးနေ့လက်ဆောင်
Monday, July 23, 2007
MDY Blogger
(၂၂-၇-၂၀၀၇) နေ့လည် (၁)နာရီမှာ S_potato ကဖိတ်လို့ ကျွန်တော် MICT ကိုရောက်ခဲ့ရပါတယ်။ အဲ့ဒီမှာ Blog ဟောပြောပွဲလေး ရှိတယ်လေ။ MDY Blogger တွေကိုကျွန်တော် တစ်ယောက်မှ အပြင်မှာ မမြင်ဘူးပါဘူး။ ဒါပေမယ့် ခပ်တည်တည်ပေါ့။ လူလည်လိုလို သိုင်းတတ်တာလိုလိုနဲ့ ကန်တင်းနဲ့ ခန်းမနဲ့ကို (၅)ခေါက်လောက် ပါတ်လျှောက်ပြီး (၁)နာရီအထိုးကို စောင့်ခဲ့ပါတယ်။ ခပ်တည်တည်နဲ့ MICT အလယ်တည့်တည့်က ခန်းမကြီးထဲ မှာ မိန့်မိန့်ကြီးသွားထိုင်လိုက် လူကြီးလူကောင်းလို ပါတ်ကြည့်လိုက်နဲ့ အဟဲ။ ၁၂း၄၅ = ဒီအချိန်အထိ အဲ့ဒီခန်းမထဲ ဘယ်သူမှ ရောက်မလာသေးဘူး ဒါနဲ့ MCPA ဘက်ကိုသွားတော့မှ မေခလာနဲ့တွေ့ရတော့ တာပါပဲ အဟီး မရတနာချို ပါ။ ဒီနေ့သူဟောပြောပါလေ။ ကျွန်တော် မှတ်မိလို့များ မထင်လိုက်နဲ့ ဟုတ်ဘူး။ သူခေါ်လို့ဗျ သူသာ မခေါ်ရင် သွားပြီ ဘယ်ပြေးရမှန်းမသိတော့ဘူး။ သူကကဒ်လေးတစ်ကဒ် ပေးလိုက်တယ် (B)ဆိုတဲ့ တံဆိပ်လေး ပါတယ်။ လာတဲ့သူတွေကိုရှင်းပြရမတဲ့။ သူအလုပ်ရှုပ်နေလို့ ကျွန်တော်လည်း နားစိုက်အောင်တောင် မထောင် လိုက်ရပါဘူးဗျာ။ သူ့ကိုပြောခဲ့တယ် ကျွန်တော် ခန်းမကစောင့်မယ်လို့ အဟီး ခပ်တည်တည်ပဲ။ အလည်ခေါင်ကခန်းမကြီးထဲကို တပ်ကအရာရှိကြီး တွေ ပါမောက္ခတွေရောက်လာတယ်။ ဟောပြောပွဲတက်မှာ ဒီအရာရှိကြီးတွေရောပါသလား လို့တော့ တွေးမိရဲ့။ ဒါပေမယ့် ကိုယ်ဟန်ဖို့ ကြည့်လုပ်ရမှာပဲ လေ။ ကျွန်တော်ရယ် လွင်ကိုလတ် ရယ် နှစ်ယောက်တည်း ထိုင်နေ ခဲ့တယ် (၁)နာရီထိုးပြီ ဘယ်သူမှ ရောက်မလာဘူး။ Blogger ဆိုလို့ ကျွန်တော်တို့ (၂)ယောက်ရှိတာ။ အခမ်းအနား အစီအစဉ်ကြေငြာတော့မှ Blog ဟောပြောဖို့မပါဘူး။ စာတမ်းကပ်ထားတာသေချာ ကြည့်လိုက် တော့မှ ဟာ-------------။ အခန်းမှားလာပြီဗျို့။ ကျွန်တော်တို့တန်းနေအောင်ကို ပြေးခဲ့တယ် MCPA ကိုပေါ့။ အဲ့ဒီလည်းရောက်ရော လူတော်တော်စုံနေပြီ ကျွန်တော်တို့ပဲလိုတော့တာ။ ပါတ်ပါတ်လည်မှာလဲ Blogger တွေ အများကြီးပဲဗျာ။ ဘယ်တော့မှ တွေ့ရမယ်လို့ ထင်မထားတဲ့ ကိုမောင်လှ၊ အရမ်းလှနေတဲ့ မရတနာချို၊ အရမ်း ရယ်ပြတတ်တဲ့ မြလွှာ၊ မိုးကုတ်သူလေး ရွှေပုံ့၊ ဂျပန်လိုလို မြန်မာလိုလို မော်ဒယ်လိုလိုနဲ့ မိုးကုတ်သား ဇော်မိုးအောင်၊ ထမင်းစား ၀တ်စုံ (တိုက်ပုံ)ကြီးနဲ့ ဇော်မျိုးအောင်၊ အနားတမ်း ရိုက်နေတဲ့ ကိုနေကြီး (ဓါတ်ပုံ)၊ ဆေးဆရာ ဒီဇိုင်းနဲ့ ဝေမြင့်မော်၊ မျက်နှာ ဖောင်းဖောင်းလေးနဲ့ S_potato၊ ခပ်တည်တည်နဲ့ ပုဂံနတ်၊ စစ်ကိုင်းက ကိုစစ်ကိုင်း၊ ညီအမ နှစ်ယောက်လို့ပြောတဲ့ ပေါက်ပေါက်ဆုပ် နဲ့ နှစ်ကူး၊ ခပ်ပိန်ပိန် သခင်ကြီးနဲ့ ဦးထိပ်၊ ဆြာဘ၊ နောက်ထပ်ကျန်သေးတယ် အများကြီးပဲ။ မန်းလေး blogger အကုန်လုံးနီးနီးလာတယ် လို့ဆိုလို့ ရတယ်ဗျာ။
အဲ့ဒီပွဲမှာ ကို ဇော်မိုးအောင်က အခမ်းအနားမှူး၊ မရတနာချိုက ဟောပြောတယ်။ တကယ်ကောင်းပါတယ်။ တော်တော်လေးကို စုံစုံလင်လင်ပါတယ်။ မထင်မှတ်ပဲ Blogger အများကြီးနဲ့ဆုံခဲ့ရတယ်။ အခန်းထဲ အခန်းပြင် အပြည့်နဲ့ နားထောင်သူတွေ များပြားလှပါတယ်။ စာနယ်ဇင်းတွေလဲ တက်ရောက်ကြပါတယ်။ နိုက်ကလပ် ရောက်နေသလို ခံစားရတယ်။ ဘာလို့လဲဆိုတော့ မရပ်မနား ကင်မရာတွေ တဖျက်ဖျက်နဲ့ ဒါတောင် ကျွန်တော် ကင်မရာယူသွားဘူး။ မျက်လုံးကိုကြိမ်းနေတာပဲ။ ဟောပြောပွဲအပြီးမှာ တက်ရောက်သူတွေကို ကျွန်တော်တို့ Blogger တွေကိုယ်တိုင်က Blog ရေးသားနည်းနဲ့ ပါတ်သက်လို့ သင်ကြာပေးရတယ်။ မေးတာတွေ ဖြေခဲ့ရတယ် ဘုရားပွဲကြီးကျနေတာပဲ ဆူညံနေပြီး ပျော်စရာအရမ်းကောင်းတယ်။ ဒစ်စကို မီးတွေကလည်း တဖျက်ဖျက်နဲ့။ မရတနာတို့ ကျွေးတဲ့ သစ်သီးစုံကို (၄)ပါတ်ပြည့်အောင် လှည့်စားခဲ့ရသေးတယ် အမှတ်တရ ဓါတ်ပုံတွေ ရိုက်ဖြစ်ခဲ့ကြတယ်။ နံရံကပ် Cbox ကြီးမှာလဲ ဆော့ပင်တွေနဲ့ လျှောက်ခြစ် ကြတယ်။ ဘာပဲဖြစ်ဖြစ်ဒီနေ့ကတော့ ဘ၀တစ်ခုလုံးရဲ့ အမှတ်တရထဲက အမှတ်တရ နေ့လေးပါပဲ။
Saturday, July 21, 2007
Yan King Hill & Yee Da Gon Hill
လွန်ခဲ့သော နေ့တစ်နေ့မှာ ကျွန်တော် ရန်ကင်းတောင်နဲ့ ရေတံခွန်တောင်ကို ညီမလေးတစ်ယောက်နဲ့ အတူ ရောက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာ သာယာတဲ့ ရာသီဥတုနဲ့ တွေ့ဆုံရတာမို့ ကျွန်တော် ဓါတ်ပုံကောင်းကောင်းလေးများ ရိုက်ယူ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ကင်မရာ ပါမသွားခဲ့ရပါဘူး။ ညီမလေး ကင်မရာနဲ့ ရိုက်ထားတာပါ။ ရှုခင်းတွေ လှလှရဖို့ ကျွန်တော့်နောက်ကနေ စိတ်အရှုပ်ခံ စောင့်ပေးရှာတဲ့ ညီမလေးကို ကျေးဇူးတင်မိပါတယ်။ တစ်ချို့တစ်ချို့ ပုံတွေ လက်မငြိမ် တော့ ၀ါးသွားလို့ နှမျှောစွာနဲ့ပဲ ဖျက်ပစ်ခဲ့ရပါတယ်။ ကျွန်တော့် Blog ဟာ ပုံကြီးကြီးတွေနဲ့ တင်မယ်ဆို အတော် ကို လေးနေတာ တွေ့ရလို့ ဒီ တစ်ခါတော့ ကျွန်တော် ပုံစံပြောင်းထားပါတယ်။ ဆိုက်သေးသေးလေးတွေပဲ ဒီမှာတင်ထားပါတယ်။ ဆိုက်ကြီး တွေကိုတော့ http://photobucket.com/ မှာ ယူနိုင်အောင်လို့ လုပ်ထားပေးပါတယ်။ DeskTop လုပ်မယ်ဆိုရင် အဆင် ပြေအောင် လုပ်ထားပေးပါတယ်။ ဆိုက်ကြီးလိုချင်ပါက ဓါတ်ပုံပေါ်တွင် တစ်ချက် နှိပ်၍ ရယူနိုင်ပါသည်။
Friday, July 20, 2007
Mandalay Rain
မန္တလေးမှာ မိုးပြန်ရွာပါပြီ။ -----
ကျွန်တော့် အခန်းရဲ့ ပြတင်းကနေ ရေစက်လေးတွေ လွင့်စင်နေတာကို မြင်လိုက်ရတယ်။ - - - -
ပြန်သတိရမိတယ်ဗျာ။ ကျွန်တော်မြို့လေးကိုပေါ့ ကျွန်တော်မွေးခဲ့တဲ့ မိုးကုတ်မြို့လေးဟာ တစ်နှစ်ပါတ်လုံးနီးနီး မိုးအဆက်မပြတ် ရွာတတ်တဲ့ အလေ့အထမျိုး ရှိပါတယ်။ ကျွန်တော် ငယ်ငယ်ကဆို ကျောင်းသွားတော့မယ် ဆိုတာနဲ့ လွယ်အိတ်လေးကို ပလတ်စတစ်အိတ်လေးစွပ် မိုးကာလေးခြုံ၊ ထမင်းထုပ်လေး ဆွဲပြီး သူငယ်ချင်းတွေနဲ့ အတူ (၄)မိုင်လောက် ဝေးတဲ့ မြို့ပေါ် ကျောင်းလေးကို ရွာကနေ သူငယ်ချင်းများ စုပေါင်းပြီး လမ်းလျှောက် သွားကြရပါတယ်။ တစ်ရွာလုံးက မြို့ကို ကျောင်းတက် ရမယ့် ကျောင်းသူ/သား တွေ အတူတူသွားကြရတာ ဆိုတော့ အရမ်းကို ပျော်စရာ ကောင်းပါတယ်။ ကျွန်တော်တို့ ကျောင်းဝတ်စုံ တွေကို ရေမစိုနိုင်အောင် သေချာ ထုပ်ခဲ့ရပါတယ်။ ကျောင်းရောက်မှဝတ်ဖို့ ပေါ့လေ လမ်းတစ်လျှောက် ထီးမပါလာတဲ့သူကို ထီးဝိုင်းမိုးပေး ဟိုဖက်ထီးပြောင်းခိုလိုက် ဒီဘက်ထီး ပြောင်းခိုလိုက်နဲ့ စကြနောက်ကြတာပေါ့။ ဒီကြားထဲ လမ်းဘေးမှာ ကျောက် ရှာသူကရှာ၊ ကျောက်လေးများ ရလိုက်လို့ကတော့ ကျောက်ရောင်းတဲ့ ဌာပွဲ ကိုတစ်ချိုးတည်း ပြေးရောင်းပြီး မှုန့်ဝယ်စားကြ ပါတယ်။ မိုးရွာပြီဆိုတာနဲ့ မိုးကုတ်မှာ ကလေးတွေ အော်အော်နေကြတဲ့ တဘောင် စာချိုးလေးကို အော်ဆိုကြရင်းနဲ့ပေါ့ “မိုးကြီးကြီးရွာပါစေ ကျောက်ကြီးကျောက်ကောင်း ရပါစေ”
ဒါနဲ့ ကျွန်တော် အာရုံတွေများနေလိုက်တာ။ နောက်ပြီး ကျွန်တော် ထီးလေးတစ်ချောင်းကို ဆွဲပြီး ကျုံးဘေးကို ထွက်လျှောက် လာခဲ့ပါတယ်။ ကျုံးဘေးမှာ လမ်းလျှောက်ရင်း တစ်စုံတစ်ရာကို ဆွေးမြေ့နေမိတယ်။ မှိုင်းအုံ့အုံ့ မန္တလေးတောင် ပွက်ပွက်ထ နေတဲ့ ကျုံးရေပြင်တို့ရဲ့ အလှအပကို အသက်မဲ့စွာ ငေးမောမိပါတယ်။ မိုးက အပြင်းအထန်ရွာနေတာ မဟုတ်လေတော့ ထီးလေး တစ်ချောင်းနဲ့တင် မိုးမစိုဖို့ လုံလောက်ပါတယ်။ တစ်ချို့ ကျောင်းသူ/သား အရွယ်လေးတွေ ဆိုင်ကယ်တွေနဲ့ မိုးရွာထဲ မှာ လျှောက်မောင်းနေကြတယ်။ ဒါလဲ မန္တလေးမြို့ရဲ့ အလေ့အထလေးပါပဲ။ ဒီလိုနဲ့ ကျွန်တော် ပြန်မယ်လို့ ဆုံးဖြတ်ပြီး လှည့် အထွက်မှာ ပါးပြင်ပေါ်က ပူကနဲ ခံစားလိုက်ရပြီး ရေစက်တစ်ချို့ စီးကျလာပါတယ်။ ကျွန်တော်ပါးကို ကျွန်တော် စမ်းကြည့်တယ်။ မိုးရေစင်နိုင်စရာအကြောင်းမရှိပါဘူး။ ဒါမျက်ရည်ပူတွေပါ။ သြော် ဒီမိုးဟာ ကျွန်တော့်ရဲ့ တစ်ချိန်က ဒဏ်ရာ ဟောင်းလေးကို ထိုးဆွနေပြန်ပြီကိုး -----------------
ကျွန်တော့်ကို ကိုချမ်း (ချမ်းမြစိုး) က မိုးအကြောင်းရေးပေးဖို့ tag လုပ်ဖူးပါတယ်။ ဒါပေမယ့် အလုပ်အရမ်းများနေတဲ့ အချိန် ဖြစ်နေတဲ့ အတွက် ကျွန်တော်မရေးနိုင်ခဲ့ပါဘူး။ ကဲ ဒီ post နဲ့တင် ကျေပါတော့ မအေးစိန် /အဲလေ ကျေပါတော့ ကိုချမ်းမြစိုး။

Wednesday, July 11, 2007
MPT adsl
ကဲအတင်းပြောရဦးမယ်။ ကျွန်တော်က Adsl သုံးတာပါ။ အခုတော့ မန္တလေးရဲ့ Connection က ဘ၀ကို ပျက်လို့ ဗဒင်သီချင်းထဲကလိုပဲ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေပီ။ တက်လိုက်၊ ကျလိုက်၊ ပျက်လိုက်၊ လာလိုက်နဲ့ ဟီးဟီး။ အတော်ကိုဆိုးတယ် အခုဆို သူတို့ဆိုဒ်မှာ Login ၀င်ရသေးတယ်။ အဲ့ဒါမှ ရတယ်ဗျာ http://mptadsl.net.mm မှာပေါ့ဗျ။ ပြီးရင် ပိုက်ဆံကလည်း သုံးသလောက် ကောက်ဦးမတဲ့ အဟင့် ဘာတွေ မှန်းကိုမသိတော့ ပါဘူး။ အခုတော့ အဲ့ဒီ ဖုတ်လိုက် ဖုတ်လိုက် နဲ့ပဲ နှစ်ပါးသွားက နေရတယ်။
Monday, July 2, 2007
SunSet
တစ်နေ့မှာ ကျွန်တော် နေ၀င်ဆည်းဆာခံစားချင်တဲ့ စိတ်လေးအချဉ်ပေါက်လာလို့ အမရပူရမြို့နယ်၊ စစ်ကိုင်းတံတား အနီးက ရွှေကြက်ယက် ဘုရား ပေါ်ကိုရောက်ခဲ့ပါတယ်။ တံတားကြီးနှစ်စင်း၊ ဧရာဝတီမြစ်ပြင်၊ မင်းဝံတောင်အလှတို့ ပြိုင်ဆိုင်နေကြ တာကိုတွေ့ခဲ့ရပါတယ် စိတ်ထဲမှာ အတော်ကို အေးချမ်းခဲ့ရပါတယ်။ ကျွန်တော့် Blog ဖတ်ရှုသူများလည်း ကိုယ်တိုင် ရောက်ရှိ သကဲ့သို့ ခံစားနိုင်စေလိုတဲ့ ဆန္ဒနဲ့ Connection မကောင်းတဲ့ကြားက နင်းကန် တင်ပေးလိုက်ရပါတယ်။
ရတနာပုံတံတားအသစ်ကြီး တံတားအ၀င်ပေါက် (စစ်ကိုင်း-မန္တလေးလမ်း)
ရတနာပုံတံတားထိပ် နှင့် ရွှေကြက်ယက်ဘုရား
ရွှေကြက်ယက်ဘုရား နှင့် ဘုရားစောင်းတန်း
နှုတ်ဆက်သွားတဲ့နေမင်း နဲ့ ရတနာပုံတံတား
ရတနာပုံတံတား ၊ ဧရာဝတီမြစ်ပြင် နှင့် နေ၀င်ချိန်အလှ
ရတနာပုံတံတား ၊ ဧရာဝတီမြစ်ပြင် နှင့် နေ၀င်ချိန်အလှ
ရတနာပုံတံတား ၊ ဧရာဝတီမြစ်ပြင် နှင့် နေ၀င်ချိန်အလှ
စစ်ကိုင်းတံတား(အင်းဝတံတား)၊ ရတနာပုံတံတား ၊ ဧရာဝတီမြစ်ပြင်
ရတနာပုံတံတား ၊ ဧရာဝတီမြစ်ပြင်
အားလုံးအတွက် အမှတ်တရအောင်ချမ်းလင်း Aung Chan Lin
Sunday, July 1, 2007
Two Strange Photos
ဒီနေ့ ကျွန်တော် ရတနာပုံဈေး (၄)လွှာမှာရှိတဲ့ သက်ဝင်လှုပ်ရှားမီဒီယာပုံရိပ်များ ဓါတ်ပုံပြပွဲကို သူငယ်ချင်းတစ်ယောက်က ဖိတ်လို့ သွားရောက်ခဲ့ပါတယ်။ ဆုရဓါတ်ပုံတွေကို (၁)နာရီလောက် သူငယ်ချင်းနဲ့အတူ ဝေဖန်လေကန်ရင်း ကြည့်ဖြစ် ပြီးတဲ့နောက်တော့ အပြင်မှာပြထားတဲ့ဓါတ်ပုံတွေကို လေကန်ရင်း ဆက်ကြည့်ကြရာမှာ စိတ်ဝင်စားစရာ ဓါတ်ပုံတစ်ပုံက ကျွန်တော့်ကို ဆွဲဆောင်သွားတယ်။ အဲ့---- တစ်ခြားတော့မဟုတ်ပါဗျာ။ ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲတုန်းက ပုံကို ပြထားတာပါ သွေးသံရဲရဲနဲ့တော့မဟုတ်ပါဘူး။ ထူးဆန်းနေတာကတော့ ရောင်းဈေးပါဗျာ သိပ်မများပါဘူး တစ်ပုံ (၁၀)သိန်းတဲ့ဗျာ။ အလို အတော်လောဘကြီးပါလားလို့ အစက ထင်ခဲ့တယ်။ နောက် (၁၀)မိနစ်လောက်ဆက်ကြည့်တော့ နောက်တစ်ပုံ ထပ်တွေ့ မိတယ် အဲ့လာပြန်ပီ (၁၀)သိန်း။ အဲ့ဒီတော့မှ ကြည့်မိတယ် ဓါတ်ပုံဆရာက တစ်ခြားလူမဟုတ်ဘူး ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီး ကိုစိုးဇေယျထွန်း ဖြစ်ပါတယ်။ အဲ့ဒီအပေါ်ထပ်မှာ ဓါတ်ပုံရိုက်ခွင့်မပြုတာကြောင့် ဓါတ်ပုံမရိုက်ခဲ့ရပါဘူး။ ဒါပေမယ့် ကိုစိုးဇေယျထွန်း နဲ့တွေ့မှ မေးမိမှ အကြောင်းစုံသိရပါတယ်။ ဓါတ်ပုံကတော့ သူ့ဆီကနေတောင်းထားတာ အဟီး --- ဒီလူကြီး မိန်းမယူမလို့ စီးပွားရေးသောင်းကျန်းနေသလားမသိ :P
ဒီ {Link} လင်ခ့် မှာတော့ ရန်ကုန်ဗုံးပေါက်ကွဲမှုအကြောင်း သူရေးထားတာဖတ်ရှုနိုင်ပါတယ်။
မှတ်ချက်။ ကိုယ်ဝန်ဆောင်များ၊ မီးနေသည်များမဖတ်ရ။ (ဖတ်ရင်းသွေးတက်သွားရင် တရားခံဖြစ်မှာကြောက်လို့)
ဓါတ်ပုံနှစ်ပုံကတော့ ဒီမှာ ပါဗျာ ဓါတ်ပုံ (၁) ၊ ဓါတ်ပုံ (၂)

Subscribe to:
Posts (Atom)