မွေးရပ်မြေသို့ အလည်တစ်ခေါက် (ခ) Journey To Mogok
ကျွန်တော် (၁၂-၄-၂၀၀၆)ရက်နေ့ သင်္ကြန်အကြိုနေ့ မတိုင်မီတစ်ရက်မှာ မွေးရပ်မြေလေးကို အလည် တစ်ခေါက်တော့ ပြန်ဖြစ်ခဲ့ပါတယ်။ အရင်ကလို တောင်ပေါ်လေအေးအေး လေးကို ရှုရှိက်ချင်တယ်၊ အရင်က မိတ်ဟောင်း ဆွေဟောင်းတွေနဲ့ ပြန်ဆုံချင်တယ် အဲ့ဒီဆန္ဒလေးတွေကြောင့် သွားဖို့ အကြောင်းဖန်လာခဲ့ တာပါ။ သင်္ကြန်တွင်းဆိုတော့ လိုင်းကားတွေမရှိတော့ဘူးလေ။ ကျွန်တော်လည်း ဆိုင်ကယ်(၁)စီးနဲ့ မိုင်(၁၂၀) ကျော်ဝေးတဲ့ခရီးကို နေ့လည်(၂)နာရီမှာ တစ်ယောက်တည်း ထွက်ခဲ့ပါတယ်။ လမ်းမှာ ကင်မရာတစ်လုံးနဲ့ လက်သရမ်းရင်း မောင်းလာလိုက်တာ ည(၁၀)နာရီထိုးမှ မိုးကုတ်ကို ရောက်ခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် အားလုံးပို့သတဲ့ မေတ္တာတွေကြောင့် ဘာဆိုဘာမှ ပြဿနာမဖြစ်ခဲ့ပါဘူး။ ချောချောမွေ့မွေ့ပါပဲ။ ဓါတ်ပုံတွေ ကိုတော့ သည်းခံပြီး ကြည့်ပေးစေချင်တယ်။ ကိုယ်တိုင်ရောက်သွားသလို ခံစားနိုင်ကြပါစေ -
လက်ပန်လှကျေးရွာ(မိုးကုတ်လမ်းခွဲ)
လက်ပန်လှရွာမှာပဲ မိုးကုတ်ကို ခရီးသွားတဲ့ကားအားလုံး ခဏရပ်နားပြီး နေ့လည်စာ စားသုံးကြပါတယ်။ စားသောက်ဆိုင်တွေကတော့ တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့်ကျွန်တော်ဝင်မစားခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရောက်တော့ ညနေ (၄)နာရီပါ။
ဖော့တောတံတား
မတ္တရာ-စဥ့်ကူး လွင်ပြင်ကြီးကို မိုင်(၆၀)ကျော် ဖြတ်သန်းပြီးတာနဲ့ ပထမဆုံး တောင်တက်တွေနဲ့ စတွေ့ရမယ့် နေရာကလေးပါ။ ပုံမှာပါတဲ့ အနီရောင်ဆိုင်းပုဒ်ကတော့ (ခွင့်ပြုချက်မပါသော နိုင်ငံခြားသားများ သွားလာခွင့်မပြု)
မိုးကုတ်မြို့ အ၀င် ကျောက်ဖားရပ်
ည(၁၀)နာရီမှာ မိုးကုတ်ကို ရောက်ရှိတာဖြစ်လို့ နောက်နေ့မှ လမ်းကြုံတုန်း ရိုက်ထားတာပါ။ အင်္ကျီ လက်ရှည် ဘောင်းဘီတိုနဲ့ ကို့လို့ကန့်ကန့်နဲ့ကောင်လေးက ကျွန်တော်ပါ။
ကင်းချောင်း ရေတံခွန်
မိုးကုတ်ကနေ ကျောက်မဲကိုထွက်တဲ့ လမ်းဘေးမှာရှိတဲ့ချောင်းလေးပါ။ ရေတံခွန်လေးနဲ့ အရမ်းကို သာယာပါတယ်။ အဲ့ဒီမှာ ကျွန်တော် ရေချိုးခဲ့ပါသေးတယ်
2 comments:
မိုးကုတ်မြို့လေး အရမ်းလှတယ်။ သူငယ်ချင်းတွေကလည်း ခဏခဏပြောတယ်။ ပြန်လာရင်တော့ ရောက်အောင်သွားမယ်ကွာ။ :)
ကိုချမ်းမြစိုးရေ လိုက်ပို့ပါ့မယ် ဆိုင်ကယ်နဲ့
Post a Comment