Tuesday, May 1, 2007

My Poem

မှတ်မှတ်ရရ ကဗျာလေး တစ်ပုဒ်
ကျွန်တော် ကဗျာရေးရတာ အလွန်ဝါသနာကြီးပါတယ်။ အောက်ပါကဗျာလေးကတော့ ကျွန်တော် (၂၇/၄/၂၀၀၄)ရက်နေ့ (၁၉၃၀) နာရီမှာ ကျွန်တော်ရေးခဲ့တာပါ။ ရင်ထဲက ခံစားမှုစစ်စစ်ပါ။ ကဗျာတွေကို Alpha ZawGyi unicode မရှိသူများ အဆင်ပြေအောင် Photo နဲ့တင်ပေးထားပါတယ်။ ကဗျာတွေကို နှစ်သက်ခုံမင် တတ်တဲ့ အကျင့်ရှိတယ်ဆိုရင် ဒီမှာ [Lick] http://aungchanlin.googlepages.com အားပေးသွားလို့ရပါတယ်။

မျှော်လင့်ခြင်း မှတ်တမ်းရှည်
လွမ်းတိုင်းလည်းကဗျာရေး၊ ကြွေတိုင်းလည်းဖွဲ့နွဲ့
ဆွေးတိုင်းလည်းငို၊ သတိရတိုင်းမှိုင်တွေ
ခံစားရတိုင်းဆေးလိပ်သောက်၊ ကြာလာတော့မှောက်အိပ်၊
အိပ်နေတော့အလုပ်ပျက်၊ ခက်တာကမင်းနဲ့မနီးနိုင်
ဆိုင်ဆိုင်မဆိုင်ဆိုင် မင်းအကြောင်းရေရွတ်
ဆွတ်ပျံ့ဖွယ်မင်းအသံ၊ စံထိုက်တဲ့မင်းအလှ
ခစားတဲ့ငါယောက်ျား၊ မှားနေလားလို့----

ဘယ်လိုပဲဆိုဆို၊ ငိုနေရင်အရှုံး ပြုံးနေလည်းအမှား
သွားလေရာမင်းအရိပ်၊ အိပ်နေလည်းမင်းအကြောင်း၊ ခေါင်းထဲကမထုတ်နိုင်။-။
ခိုင်မာတဲ့ငါ့အချစ်၊ ပစ်ကွယ်လို့မင်းမုန်းမုန်း
ရှုံးရဲ့အဆက်၊ အမုန်းရဲ့တစ်ဖက်မှာ
ဆွေးလျှက်သာလျှင်၊ ယဉ်ယဉ်လေးရူး----

သူသာလျှင်ငါ့ဘ၀၊ သူသာလျှင်ငါ့ကမ္ဘာ
ငါ့ကဗျာ မင်းအကြောင်း၊ အဟောင်းတွေလည်းအသစ်ဖြစ်
ရစ်ရစ်ကာနောက်ပြန်၊ ကံကိုသာယုံကြည့်ခဲ့ပေမယ့်
ဆုန်တစ်ချည် ဆန်တစ်လှည့်နဲ့၊ ပြန်ခဲ့တဲ့ခရောင်းလမ်းမှာ
အရုံးတွေထမ်း----

ဗေဒါလိုရေစုန်မျှော၊ သောကရဲ့သောင်ကမ်း
အမှောင်လမ်း ရမ်းသမ်းလျှောက်၊ ခြောက်လှန့်နေ စိတ်တစ္ဆေ
နေဆယ်စင်းလည်းမက၊ ငါ့ဘ၀ပူလောင်နေပေမယ့်
တစ်ခါတစ်လေ နွေအလယ်၊ ကုဋေကြွယ် အလွမ်းတွေနဲ့
အနမ်းဆိုတာ ဘယ်လိုဟာ၊ အကြင်နာဘယ်ဟာခေါ်
ပျော်စရာဒါလားလို့၊ သံယောစဉ် အမျှင်တန်းပြီး
မြည်းစမ်းချင်သေး----

ကောင်းကင်ရဲ့ထုပ်တန်း၊ တိမ်မျှင်တန်း ကြိုးဆွဲချ
ရောင်နီကရစ်ပတ်၊ ချစ်မှချစ်တတ်သလားလို့
ဆည်းဆာရဲ့တံခါးအဟ၊ ငါ့ဘ၀နောက်ဆုံးချိန်ခါ
ကောင်းကင်ဘုံ တစ်နေရာကနေ၊ မရေရာမင်း အဖြေကို
မျှော်တလင့်လင့် စောင့်နေအုံးမှာပါ----
ငုဝါ(မိုးကုတ်)

စာကြွင်း။ ကိုယ့်ကိုမချစ်တဲ့ မိန်းကလေးတစ်ယောက်ဆီက အဖြေစကားကို အသက်နဲ့လဲပြီး စောင့်ရမှာလား? သူထိုင်ခဲ့တဲ့နေရာ၊ လူလျှောက်ခဲ့တဲ့လမ်း သူကိုပေးခဲ့တဲ့ စာတစ်စောင်၊ သူမယူသော လက်ဆောင်၊ အခန်းနံရံက သူ့ဓါတ်ပုံနဲ့ နာမည်တွေ၊ သူသုံးနေကျရေမွေး၊ သူစားနေကျအစားအစာ သူကြိုက်တဲ့သီချင်း၊ ပြင်းပြင်းပြပြ ချစ်ခဲ့တာတောင် ဪ---- မင်းက ချစ်မှချစ်တဲ့ရဲ့လား။

2 comments:

Anonymous said...

ကဗျာလေးက ဂွတ်တယ် ဒါပေမယ့် အရှုံးလို့ ရေးထားတဲ့ နေရာတွေမှာ “ငိုနေရင် အရုံး ဆိုတာနဲ့ အရုံးရဲ့အဆက်” ဆိုတဲ့ စာသားလေးတွေကို ပြန်ပြင်လိုက်ပါလား ဟပ်ထိုးလေးတွေ ကျန်နေခဲ့သလားလို့

Aung Chan Lin said...

ကျေးဇူးပါ ညလေး ကျွန်တော် ပြင်ဆင်ပါ့မယ် နောင်ကိုလည်း ပြေပြပေးပါဦးဗျာ ကျွန်တော့်ဆီကို ဆက်သွယ်ပေးပါဦး aungchan06@gmail.com