Sunday, March 18, 2007

Mogok Life Style

ရုန်းကန်လှုပ်ရှား မိုးကုတ်သား

မိုးကုတ်မြို့မှာ နေထိုင်တဲ့ ယောက်ျားလေးမှန်ရင် ကျောက်တွင်း လုပ်ဖူးရတယ်။ မိန်းကလေးမှန်ရင် ကျောက်အရောင်းအ၀ယ် လုပ်ဖူးရတယ်။ ပိုက်ဆံရှိတဲ့လူက ခမ်းခမ်းနားနားပိုပြီး လုပ်ကိုင်နိုင်တာကလွဲရင် အတူတူပါပဲ။ ကျွန်တော်ငယ်ငယ် တုန်းကဆိုရင် ကျောင်းအားတဲ့ရက် မှာ သူငယ်ချင်းတွေစုဖွဲ့ပြီး တစ်ယောက်ကို ဇကာတစ်ချပ် ပေါက်ပြားတစ်လက်စီနဲ့ (ဇကာလှည့်) ကျောက်ရှာထွက်ကြ တော့တာပါပဲ။ ရလာတဲ့ကျောက်တွေကိုစုပြီး ရောင်းကြပါတယ်။ ဒါနဲ့ပဲ တစ်ပါတ် လောက်မုန့်ဖိုးကတော့ အဆင်ပြေပြေသွားခဲ့ရပါတယ်။

အရင်ကဆို မိုးကုတ်မြို့သူ/မြို့သားတွေက ပညာရေးကို ဦးစားမပေးခဲ့ကြပါဘူး။ သေစာရှင်စာ တတ်ရင်ပြီး ရော ကျောင်းထွက် ၊ ကျောက်အရောင်း/အ၀ယ်လုပ်၊ ကျောက်တွင်းဆင်း ဒီလိုနဲ့ အဆက်ဆက် ကျောက်လုပ်ငန်းတွေကြားမှာ နစ်မြုပ်သွားကြတာပါပဲ။

မိုးကုတ်မှာ ကျွန်တော်နေခဲ့တုန်းက တစ်နေ့တာလုပ်ငန်းလေးကို ပြောပြမယ်။ မိုးလင်းလာတာနဲ့ အစောကြီး ထမင်းစားပြီးရင် ပေါက်ပြားလေးထမ်းပြီး တွင်းတောထဲကိုသွား ရတော့တာပါပဲ။ တစ်နေကုန် မြေကြီးအလိမ်းလိမ်းနဲ့ အလုပ်လုပ်ကြရတယ်။ ညနေစောင်းတော့မှ တွင်းတောကနေ ပြန်လာ ဒါနဲ့ မိုကုတ်သားတွေဟာ ညမင်းသားလေးတွေဖြစ်ရောဗျာ။ ဒီလိုနဲ့တစ်နေ့ပြီး တစ်နေ့တော့ ငြီးငွေ့တယ်လို့မရှိပါဘူးဗျာ။ အောက်ကပုံလေးတွေကတော့ မိုးကုတ်မှာကိုယ့် ၀မ်းစာကိုယ်ဖြေရှင်းနေရတဲ့ အခြေအနေလေးတွေကို မြင်စေချင်လွန်းလို့ တင်ပြထားတာပါ -

ကလေးငယ်တစ်ယောက် ကျောက်ခဲ ထုကာကျောက်ရှာနေပုံ
ရေစီးမြောင်းတစ်ခုအတွင်း ဇကာလှည့်ကာကျောက်ရှာနေပုံအလုပ်သွား အလုပ်ပြန် (တွင်းသွား/တွင်းပြန်)မိုးကုတ်က ရိုးသားတဲ့ တိုင်းရင်းသား မိသားစုလေး
မိုးကုတ်မြို့မှာ ကျောက်မျက်ရတနာများ အရောင်းအ၀ယ် လုပ်ကိုင်သော နေရာကို ထာပွဲလို့ ခေါ်ပါတယ်။ ဘာလို့ထာပွဲ ခေါ်ရတာလို့ ဆိုရရင် ကျောက်မျက်ရတနာများကို ထာ လို့ခေါ်တဲ့ ကြေးလင်ပန်း လေးတွေနဲ့ ထည့်ပြီးရောင်းကြရလို့ အစွဲပြုပြီးခေါ်တာပါ။ မိုးကုတ်မှာ ကောင်မလေးချောချောများ လိုက်ကြည့်ချင်သပ ဆိုရင်တော့ အိမ်ကနေ သွားပြီးမစောင့်ပါနဲ့ ထာပွဲသွားမယ့် အချိန်သာ သေချာပေါက်စောင့် နေလိုက်ပါ။ ပိုပြီးရင်းနှီးချင်ရင် သူရောင်းမယ့် ကျောက်ကလေးပါ တောင်းကြည့်လိုက်အုံး။ အဲ့ဒါနဲ့မှအားမရရင် ၀ယ်ခဲ့လိုက်ပေါ့ သူရောင်းမယ့်ကျောက်ကို သူပြောတဲ့ဈေးနဲ့။ အထင်ရှားဆုံး ထာပွဲများ ကတော့ ပန်းခြံထာပွဲ၊ မင်းတံတားထာပွဲ၊ ဗဟိုရုံဈေးထာပွဲ၊ ပိတ်ဆွယ်ထာပွဲ၊ ရွက်ချဈေးထာပွဲ တို့ပဲဖြစ်ပါတယ်။
မိုးကုတ်မြို့၊ ပန်းခြံထာပွဲ (ကျောက်ရောင်းဝယ်သည့်နေရာ)
ရောင်းတယ်/၀ယ်တယ် ကျောက်ဈေးသည်
ပန်းခြံထာပွဲ အတွင်းမှ ကျောက်ရောင်း/၀ယ်နေပုံများ


Saturday, March 3, 2007

Woking in Mogok

မိုးကုတ်မြို့မှာအများစုသိကြသလောက်တော့ ကျောက်တွင်းတွေကနေ ကျောက်တွေ ထွက်တယ်ပေါ့။ တကယ်တော့ အဲ့ဒီအလှဆင်ဖို့သက်သက် အသုံးဝင်တဲ့ ကျောက် လေးတွေဟာ မိုးကုတ်သူ မိုးကုတ်သား တွေရဲ့ အသက်၊ သွေး၊ ချွေး အကုန်လုံး ပါတယ်။ ဒီကျောက်ကိုရဖို့ တစ်ချို့လူတွေ အသက်နဲ့ရင်းရတယ်၊ တစ်ချို့ချွေးနဲ့ သွေးနဲ့ ရင်းကြရတယ်။ ကျောက်ရဖို့ ဇွဲ၊ လုံ့လ၊ ၀ီရိယ အားကုတ်ထုတ်စိုက်ရတယ်။ သေရင် မြေကြီး၊ ရှင်ရင်ရွှေထီးဆိုတာ မိုးကုတ်ကကျောက်တူးတဲ့လူတွေကိုများပြော သလား လို့ တစ်ခါတစ်လေလည်း တွေးတော့တွေးမိပါတယ်။ ယင်ကောင်လေးတွေ မှန်ပြတင်းပေါက်ကို ထိုးဖောက်ဖို့ကြိုးစားတာမျိုးကိုပေါ့။ မိရိုးဖလာအသက်မွေးမှု လုပ်ငန်းလည်းဖြစ်၊ ကံကောင်းရင် အမြတ်အစွန်းလည်းများများရတာမို့ လောဘ ဇောလေးကပ်ပြီး လုပ်ကြရတာပါဗျာ။

မိုးကုတ်မြို့မှာ အထင်ရှားဆုံးဖြစ်တဲ့ ကျောက်မျက်တွေကတော့ ပတ္တမြား၊ နီလာ၊ ဥသာဖယား၊ နီလာဖြူ၊ ထတ္တရာ၊ ဂေါ်မိတ်၊ ကြောင်၊ မှန်မီးပေါက်၊ စလင်း များအပြင် အခြား ကျောက်အမျိုးအစား (၃၀)ကျော်ခန့်ထွက်ရှိပါတယ်။ ဒီကျောက်တွေက အကြမ်းဖျဉ်းအားဖြင့်တော့ မြေကြီးထဲမှာရှိတယ် လို့ပြောလို့ရပါတယ်။ အဲ့ဒီမြေကြီး ထဲက သက်တမ်းရင့် ပျက်ပြုန်းမြေဆီလွှာဖြစ်တဲ့ (ဗြုံး)မြေလွှာထဲမှာရှိပါတယ်။ ဗြုံး ဟာဆိုရင် အလွှာ(၂)လွှာရှိပါတယ်။ မြေပြင်ကနေ ပေ(၁၀၀)အတွင်းရှိတဲ့ ဗြုံးလွှာကို ခါးဗြုံး၊ ပေ(၁၀၀)နဲ့အောက်မှာ ထပ်တွေ့တဲ့ ဗြုံးလွှာကတော့ အောက်ဗြုံးတို့ ဖြစ်ကြ ပါတယ်။ ဒီဗြုံးမြေလွှာတွေအပြင် သက်တမ်းရင့် စကျင်ကျောက်ခဲတွေထဲကလည်း ကျောက်တွေရရှိနိုင်ပါတယ်။

ကျောက်တွင်းလို့ခြုံပြီး ခေါ်ပေမယ့် နည်း(5)နည်းနဲ့ ကျောက်ကို ရှာကြပါတယ် -

(၁) လေးပေတွင်း

(၂) အင်းဗြဲ

(၃) မျောတွင်း

(၄) ခဲတွင်း (ဂဲတွင်း)

(၅) လူးတွင်း (လှိုင်ဂူတွင်း)

တစ်ခုချင်းကျွန်တော်ပြောပြပါ့မယ် -

(၁) လေးပေတွင်း။ လေးပေပါတ်လည် တွင်းတူးပြီး အောက်တည့်တည့်ကို ထိုး ဖောက်သွားရတယ်။ ဒါကတော့ရှင်းပါတယ် အိမ်သာတွင်းတူးသလိုပေါ့ ဟဲဟဲ။ တူးလို့ပေ(၂၀)ကျော်ပြီဆိုတာနဲ့ ပါတ်ပါတ်လည်နံရံ တွေကို တိုင်တွေခံ သစ်တွေနဲ့ အခိုင်အမာလုပ်ကြရပါတယ်။ အဲ့ဒီထက်နက်နေလို့မှောင်သွားရင် ဖယောင်းတိုင် တွေနဲ့ဆက်လုပ်ကြရတယ်။ တစ်ချို့က ဘက်ထ္တရီမီး၊ ဓါတ်မီးတွေနဲ့ပေါ့။ အဲ့ဒီထက် နက်လာပြီဆိုရင် စက်သီးတွေဆင်ရပြီး တူးပြီးသာမြေတွေကို အပေါ်တင်ဖို့ပါ၊ အဲဒါအပြင် ရေတွေထွက်လာလို့ ခပ်ထုတ်ရတယ်။ မိုးရွာပြီဆိုသေရောပဲ။ တွင်းဆို ခဏခဏရေမြုပ်သွားတယ်။ အဲ့ဒီထက်ဆိုးတာက ဘာလဲဆိုတော့ လေပြတ်တာပဲ။ လေပြတ်သွားရင် သိသာပါတယ်။ ထွန်းထားတဲ့ဖယောင်းတိုင်မီးငြိမ်း သွားတော့ တာပါပဲဗျာ။ အောက်စီဂျင်မှမရှိတော့တာကိုး။ ဒါဆိုရင်တော့ အပေါ်ကို အသဲအသန် ပြေးတက်ပေတော့။ အဲ့ဒီလိုလေပြတ်တဲ့ပြသာနာကို အပေါ်ကလူက ဖားဖိုလေးနဲ့ ခြေနင်းလေးလုပ်ထားတယ်၊ ပြီးရင် လေပိုက်ချထားပေးတယ်။ ဒါဆိုအောက်ထဲမှာ လေရသွားပြီလေ။ နည်းနည်းအဆင်ပြေတဲ့လူကြတော့ မော်တာလေးနဲ့ လေစက် ကိုတွဲထားလိုက်တယ်။ မီးအတွက်လည်း မီးစက်မောင်းထားပေးတယ်။ အဲ့ဒီအပြင် ဘာအခက်အခဲရှိသေးလဲဆိုတော့ တူးနေတဲ့ အောက်က ကျောက်ခဲအကြီးကြီး တွေခံနေပြန်ရော။ ရှိတာမှ လေးပေပါတ်လည် ဘယ်လိုလုပ်အပေါ်တင်လို့ ရမလဲ။ ဒါကြောင့် စို့(သံချောင်းလုံး)တွေနဲ့ အဲ့ဒီကျောက်ကိုထွင်းပြီး ယမ်းထည့်ပြီးဝါယာ ကြိုးနဲ့ချိတ်၊ အပေါ်အကုန်တက်ပြီး ယမ်းခွဲကြရတယ်။ တစ်လုံးနဲ့မရရင် သုံးလေးလုံးလောက် တစ်ဆက်တည်းခွဲရတယ်။ ပြီးမှ ယမ်းငွေတွေကို လေနဲ့ မှုတ် ထုတ်ပြီးရင် ဂဲတွေအရမ်းကြီးရင် တူနဲ့ထုခွဲပြီး အပေါ်ကိုစက်သီးနဲ့ တင်ကြရတယ်။

လေးပေကျောက်တွင်း အ၀အားမြင်ရပုံ

လေးပေကျောက်တွင်း

လေးပေတွင်း စက်သီး

ကဲဗြုံးလွှာရောက်လို့ ဗြုံးတွေ့ ကြပြီဆိုရင် တွင်းရဲ့ပါတ်လည်ကို ချဲ့လိုက်တယ်။ ပြီးရင် အဲ့ဒီအခါမှာ ဒေါင်လိုက်လှိုက်စားတာဖြစ်တဲ့အတွက် အမိုးတွေ၊ ကြမ်းပြင်တွေကို သစ်၊၀ါးတွေနဲ့ ခိုင်ခံ့အောင် ထောက်ခံထားရတယ်။ ပေ(၂၀) (၃၀) လောက်တော့ အများအားဖြင့် လှိုက်တူးကြတယ်။ အဲ့ဒီအပြင်တော့ဆက်ပြီးတူးတာ သိပ်မတွေ့ ရဘူးဘာလို့လဲဆိုတော့ ပြိုကျမှာကြောက်လို့ပေါ့။ ဒီလောက် သစ်တွေ၊ ၀ါးတွေနဲ့ ထောက်ထားတာတောင် ပြိုကျတယ်။ မြေဖိအား တစ်အား များလာလို့ တွင်းတွေ ပိညှပ်သွားတယ်။ အပေါ်တင်တဲ့ ခဲလုံး(ဂဲလုံး)တွေ စက်သီးပေါ်ကပြုတ်ကျတယ်။ နည်းပေါင်းစုံနဲ့ အမျိုးမျိုးသေကြရပါတယ်။

ကျောက်များခွဲသော ယမ်းမိုင်း

ဆက်ပြီး ပြောပါ့မယ် ဗြုံးမြေလွှာတွေရပြီဆိုရင် အပေါ်ကို စက်သီးနဲ့တင် လိုသ လောက်အကုန်ရပြီ ဆိုရင်တော့ ဗြုံးမြေကြီးကိုဆေးကြပါတယ်။ ဆေးတဲ့ နည်းမှာလည်း (၃)နည်းရှိတယ်။ ရေခွက်လို ဇကာပါတ်ပါတ်လည်နဲ့ ခွက်ကြီးထဲ ကိုထည့်ပြီး အားပြင်းတဲ့ နော်ဇယ်ပိုက်ကြီးတွေနဲ့ထိုးပြီးဆေးကြတယ် မြေတွေကုန် သွားရင် ကျန်တာကတော့ ဂဲတွေအပါအ၀င် ကျောက်တွေပေါ့။ အဲ့ဒီထဲမှာမှ ဂဲအကြီးတွေကိုရွှေးထုတ်ပြီး ကျန်တာကို ဇကာအ၀ိုင်းလေးထဲထည့်ပြီး လှည့်ဆေး ရပါတယ်။ ကျောက်က ပုံမှန်ဂဲတွေထွက် အလေးချိန်ပိုစီးတာမို့ ရေထဲမှာ ဇကာကို လှည့်လိုက်တဲ့အခါ အလည်ခေါင်မှာလာစုပါတယ်။ အေးဆေးယူလိုက်ယုံ ဟဲဟဲ ပါရင်ပြောတာပေါ့လေ။

နောက်တစ်နည်းကတော့ ရေကန်တစ်ခုနဲ့ မြောင်းတစ်ခုလုပ်ထားတယ်။ မြောင်းရဲ့ အစွန်မှာ ဇလုတ်လေး(ရေခွက်အား မြေကြီးတွင်မြုတ်ထားသကဲ့သို့) လုပ်ထား ရပါတယ်။ ဘာနဲ့တူလဲဆိုတော့ ဆေးတံလိုမျိုးပေါ့။ ရေကန်ထဲမှာ ဗြုံးတွေကိုထည့် ပြီးတော့ ရေဆေးချလိုက်တယ် ရေထွက်မြောင်းကနေ ရေတွေဂဲတွေအကုန်လုံး ပါသွားတာပေါ့။ ကျောက်တွေဆိုတာလေးတယ်လေ ဒါကြောင့် ဇလုတ်ထဲ ရောက်တဲ့ အခါမှာ ကျောက်တွေက ပြန်မထွက်နိုင်ပဲ မြေကြီးနဲ့ ပေါ့တဲ့အရာတွေသာ ပြန်ထွက် သွားတယ် ကျောက်တွေကကျန်ခဲ့တာပေါ့။ အဲ့ဒီကျန်ခဲ့တဲ့ကျောက်တွေကို ၀ိုင်းဇကာနဲ့ ဆေးချလိုက်တယ်။ ထုံးစံအတိုင်းပေါ့ လှည့်လိုက်ရင်အလည်မှာ လာစုတယ်။ ကဲ ကျောက်ရပြီဗျာ မိန်းမယူမယ်၊ ပါကျဲရိုးကားဝယ်မယ်၊ တိုက်ဆောက်မယ်၊ ဟမ်းဖုန်းခါးကြားထိုးပြီး ဒိုဝယ်စီးမယ်

ဗြုံးများဆေးနေပုံ

ဗြုံးများဆေးနေပုံ

(၂) အင်းဗြဲ။ ဒါကလည်း အထူးအဆန်းကြီးမဟုတ်လှပါဘူး။ ပြောရရင်တော့ သူဌေးလုပ်ငန်းကြီး ပေါ့ဗျာ။ ဘာလို့လဲဆိုတော့ စက်ကိရိယာ အင်အား၊ လူအင်အား၊ ငွေအင်အား၊ အများကြီးသုံးပြီး လုပ်ကိုင်ရပါတယ်။ ဒယ်အိုးကြီး တစ်လုံးကိုမြင်ကြည့်လိုက်ပါ။ အင်းဗြဲဆိုတာအဲ့ဒါပဲ။ တူးချင်တဲ့နေရာက မြေကြီး တွေကို စက်ကြီးတွေနဲ့တူးပြီးဘေးကိုတင်တယ် ကြာလာတော့ ရေအင်းကြီး ဖြစ်သွားရောဗျာ။ ဗြုံးလွှာကိုမရောက်မချင်းတူးတယ်။ တစ်ချို့ဆိုရင် တော်တော် ကြီးကိုနက်ကြတယ်။ ဗြုံးလွှာကိုတွေ့တော့လဲ တစ်ကြောလုံး တူးတင်ပြီး ဗြုံးဆေးတော့တာပေါ့ ရတာလည်းများပါတယ်။ ဒါပေမယ့် ကျွန်တော်သာဆိုရင် ကတော့အဲ့ဒီ အင်းဗြဲမလုပ်ဘူး။ အကုန်အကျအရမ်းများတယ် ငွေတွေကို မြေကြီးထဲတူးပြီးမြုပ်နေသလိုပဲ။ ကံကိုအဲ့ဒီလောက်မယုံဘူး။

မိုးကုတ်မြို့ အ၀င်က အင်းဗြဲကျောက်လုပ်ကွက်ပါ

(၃) မျောတွင်း။ ဒါကတော့ တောင်ကမ်းပါးရံ တွေကို ရေနဲ့တိုက်ချတယ် အောက်မှာရေသွားမြောင်းအကြီးကြီးတွေ လုပ်ထားကြတယ်။ အဲ့ဒီမြောင်း အကြီးကြီးတွေက ဗြုံးဆေးတဲ့ ရေကန်(ရေမှုံကန်) တွေဆိုကို ဆက်ထားတယ် အဲ့ဒီတော့မရှင်းဘူးလား ဗြုံးလွှာထဲကကျောက်ပါပါ၊ ရိုးရိုးမြေကြီးထဲကပါပါ အကုန်ရတယ်ရှင်းရော။ သူကတော့ ငွေအင်အားသုံးရတာ သိပ်မများပါဘူး။

ဒီလိုရေနဲ့ ထိုးပြီးဆေးချတယ်

မိုးကုတ်မြို့၊ ကျောက်ပြသာဒ်ရွာက ယခင် နီလာကျောက်များ အချောင်းလိုက်ထွက်ရှိပြီး မြင်းများနှင့်ပင်တိုက်ယူရသည်ဆိုသော ထင်ရှားသည့် (သူရိန်တောင်) မျောတွင်းကြီး

(၄) ဂဲတွင်း။ စိတ်ဝင်စားစရာကောင်းမယ်လို့ ကျွန်တော် ယူဆမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့သိထားကြတာ မြေကြီးထဲက ကျောက်ထွက် တယ်ပေါ့။ ဒါပေမယ့် စကျင်ကျောက်သားတွေထဲမှာ သက်တမ်းရင့် အရည် အသွေးလှလှနဲ့ ကျောက်တွေအများကြီး တွေ့နိုင်တယ်ဆို ယုံနိုင်မလားဗျာ။ ၁၉၉၆ခုနှစ် လောက်မှာ ဟိုနားတစ်စ ဒီနားတစ်စနဲ့ စကျင်လိုကျောက်ခဲ ထဲကနေပြီးတော့ ကျောက်တွေစတွေ့လာကြပါပြီ အဲ့ဒီနောက်ပိုင်းမှာတော့ စကျင်ဂဲသား(အကြည်) တွေကို ရှာဖွေပြီး ထုခွဲကြတော့ တယ်။ ဒါမှလည်း အထဲကကျောက်ရှိရင်တွေ့မှာကိုး ၁၉၉၉ လောက်မှာ ဂဲကျောက်ဟာ ဘယ်လောက်အထိအောင် ခောတ်စားသလဲဆိုရင် အိမ်တိုင်းအိမ်တိုင်းရဲ့ မြေသားကြမ်းပြင်တွေမှာ ဖြူဖြူဖွေးဖွေးနဲ့ စကျင်ဂဲအမှုန်များ ခင်းထားတဲ့ ကြမ်းပြင်အဖြစ်ရောက်ရှိသွားပါတယ်။ ယခုမိုးကုတ်မြို့ကိုရောက်မယ်ဆိုလဲ အဲ့ဒီအချိန်လောက်က လက်ရာတွေမြင်တွေ့ရဦးမှာပါဗျာ။ အောက်ပုံပါသလိုမျိုးပေါ့ -

နောက်ပိုင်း စကျင်တောင်ကြီးများကို မျက်စပစ်လာကြပါပြီ ကျောက်မျက် ဖက်စပ်လုပ်ငန်းတွေဟာ ကျောက်ဂဲတွင်းတွေကို ၁၉၉၉ ခုနှစ်လောက်မှာပဲ စတင်ဇောက်ချလုပ်ကိုင်ပါတော့တယ်။ ငွေအား၊ လူအားနဲ့ လုပ်ကိုင်ကြတာမို့ တစ်ချို့ကျောက်တောင် ကြီးတွေဆို (၆)လလောက်နဲ့ မြေမှုန့်ဖြူဖြူတွေ ဖြစ်သွားကြတဲ့အထိပါပဲဗျာ။ အောက်ကပုံကတော့ ဖက်စပ်လုပ်ကွက်များမှာ စကျင်ဂဲကျောက်များအတွင်းက အဖိုးတန်ကျောက်များကို ရှာဖွေနေပုံပါ -



ကျောက်များထုနေပုံ

အောက်မှာပါသလို အနေအထားမျိုးနဲ့ ကျောက်နီ(ပတ္တမြား)များကို တွေ့ရှိ နိုင်ပါတယ်။ ဂဲတွင်းမှ ထွက်ရှိသော ကျောက်များမှာ မြေတွင်းမှ ထွက်ရှိသော ကျောက်များထက် အများသောအားဖြင့် အရည်အသွေး ပိုမိုကောင်းမွန် တာကို ကျွန်တော်လက်တွေ့ကျကျ လေ့လာသိရှိခဲ့ရပါတယ် -

ခဲတွင်း(ဂဲတွင်း)ထဲမှာ အထင်ရှားဆုံးကတော့ ကျောက်ပြသာဒ်ဘုရားတောင် ပါပဲ(ကန်တော့ ကန်တော့ ဘုရား) ပြစ်မှားသလိုများဖြစ်နေရင်။ ကျောက်သား အတော်များများထဲမှာကို အဖိုးတန်ကျောက်တွေ ငေါလော ထွက်ပြီး မြင်နေရလို့ ဘုရားဂေါပကအဖွဲ့က အင်္ဂတေနဲ့လိုက်ပြီး ပိတ်ထားရတဲ့အထိပါပဲ။ အောက်ပုံပါ -


(၅) လူးတွင်း (လှိုင်ဂူတွင်း)။ လှိုင်ဂူတွင်းဆိုတော့ နားလည်ဖို့လွယ်တာ ပေါ့ဗျာသဘာဝကျောက်လှိုင်ဂူကြီး တွေထဲကိုဝင် ပြီးတော့ မီးလေးထွန်းသွား ပြီးလို့အနက်ထဲရောက်ပြီဆိုရင် တွေ့တဲ့မြေကြီးကဗြုံးပဲဗျာ အိတ်နဲ့ထည့်ပြီး ကောက်ထမ်းလာခဲ့ အပြင်ရောက်မှဆေးလိုက် ပြီးပြီ တစ်ချို့လှိုင်ဂူတွေဆိုရင် လှိုင်ခေါင်းတွေအများကြီးရှိတယ်။ လမ်းကို သင်္ဘောဆေးနဲ့မှတ်သွား ရတယ်။ ဒါမှမဟုတ်ရင်တော့ အပြန်လမ်းမမှတ်မိနိုင်ပါဘူး။ ပြန်လမ်းမရှိပေါ့။ အထင်ရှားဆုံးသော လှိုင်ဂူဆိုရင်တော့ အလံတစ်ရာလူး ပါပဲ။ မျက်စိ တစ်ဆုံးနက်ပြီးအခုအချိန်အထိ လှိုင်ဘယ်နှစ်ပေါက်ရှိလဲ။ လမ်းဘယ်အထိ ပေါက်သလဲဆိုတာကို ဘယ်သူမှ ပြောနိုင်သူမရှိသေးပါဘူး။ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။

အောင်ချမ်းလင်း


Thursday, March 1, 2007

It Call Mogok

" မိုးကုတ် " ဆိုသောမြို့တစ်မြို့
မိုးကုတ်မြို့ ဟာ မန္တလေးတိုင်း၏ မြောက်ဘက်အဖျားဆုံး အပိုင်းမှာရှိပါတယ်။ အရှေ့ဘက်မှာ ကျောက်မဲမြို့၊ တောင်ဘက်မှာ သပိတ်ကျင်းမြို့၊ အနောက်ဘက်နှင့် မြောက်ဘက်တွင် မိုးမိတ်မြိုံ့နယ် တို့နဲ့ထိစပ်နေပါတယ်။ မိုးကုတ်မြို့နယ် ဟာ အပိုင်း နှစ်ပိုင်းကွဲနေပါတယ်။ အရှေ့ပိုင်းကို (မိုးကုတ်) လို့ခေါ်ပြီး အနောက်ပိုင်းမှာ (ကျပ်ပြင်) ဖြစ်ပါတယ်။ ကျပ်ပြင်ဟာ မိုးကုတ်မြို့ထက် ပေ(၁၀၀၀)ခန့်အမြင့်မှာ တည်ရှိပြီး မန္တလေးမှ သွားရောက်မည် ဆိုပါကလည်း ကျပ်ပြင် သို့အရင်ရောက်ရှိမှာဖြစ်ပါတယ်။ ကျပ်ပြင်ဟာ ပင်လယ်ရေမျက်နှာပြင် အထက် (၄၂၈၀)ပေအမြင့်မှာတည်ရှိပါတယ်။ ဒါကြောင့် ရံဖန်ရံခါ ဆောင်းတွင်းတွေမှာ ကျပ်ပြင်ဟာရေခဲတတ်ပါတယ်။

မိုးကုတ်မြို့မှာ လူဦးရေ (၃)သိန်းကျော်ခန့် နေထိုင်တယ်လို့ ခန့်မှန်းလို့ရပါတယ်။ မြို့ပေါ်ရပ်ကွက်များမှာ နေထိုင်တဲ့ လူဦးရေထက် ကျေးလက်တောရွာ မှာ နေထိုင်သူ ပိုများကြပါတယ်။ လူမျိုးများကို လေ့လာကြည့်မယ် ဆိုရင် ရှမ်း တိုင်းရင်းသားများ (ပအို့၊ ပလောင်၊ လီဆူ) (၄၅%)၊ ဗမာ (၂၅%)၊ ဂေါ်ရခါး နှင့် တရုတ်(၁၀%)စီ၊ အခြားလူမျိုး (၁၀%)နေထိုင်ကြပါတယ်။ ဘာသာတရားကိုးကွယ်မှုအနေနဲ့ကတော့ ဗုဒ္ဓဘာသာ(၈၀%)၊ ခရဇ်ယာန်(၁၅%) နဲ့ အခြားဘာသာ (၅%)တို့ဖြစ်ပါတယ်။
မန္တလေးမြို့ကနေ မိုးကုတ်မြို့ကို ခရီးမိုင် (၁၂၈)မိုင်ခန့်ဝေးကွာပြီး တစ်လမ်းသွား လမ်းလေးကနေ ကာလေးဟာ ဘယ်ညာယိမ်းထိုးသွားရမှာဖြစ်ပါတယ်။ မန္တလေး-မတ္တရာ-စဥ့်ကူး ထိအောင် ကားလမ်းမှာ မြေပြန့်များကို ဖြတ်သန်း သွားရသည့် အတွက် မြန်ဆန်သွက်လက်သလို၊ လိုသလောက်ခရီးပေါက်ပြီး သက်သက်သာသာ ရှိလှပါတယ်။ အဲ့ စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာလေးကို ရောက်ရင် ခရီးတစ်ထောက် နားရပါတယ်။ အဲ့ဒီရွာမှာ ရှိတဲ့ ထမင်းဆိုင်လေးတွေမှာ နေ့လည်စားရင်းအပန်းဖြေ၊ အမှတ်တရပစ္စည်းဝယ်လို့ရပါတယ်။ လက်ပံလှရွာကနေ ကျော်လာပြီဆိုတာတဲ့ နွယ်ရုံ၊ ချောင်းကြီး၊ လိပ်ကျ ရွာများကိုဖြတ်သန်းချိန်တွေမှာ သိသိသာသာ လမ်းတွေဟာ အတက်အဆင်းလုပ်နေပါပြီ။ အောက်ပုံမှာပါတဲ့ ဖော့တောဆိုတဲ့ ရွာလေးကိုရောက်ရင်တော့ ခင်ဗျားမှတ်ပုံတင် ထုတ်ပြီးအသင့်စောင့်နေပေတော့ တားပြီးစစ်ကြဆေးကြပါလိမ့်မယ်။ အကြောင်းရင်းကတော့ မိုးကုတ်မြို့ဟာ ကန့်သတ် နယ်မြေဖြစ်ပြီး နိုင်ငံခြားသားများအား ခွင့်ပြုချက်မရဘဲ သွားလာဖြတ်သန်းခွင့် ပေးမထားလို့ပါပဲ။ ဖော့တောကိုလည်းကျော်ဖြတ်လိုက်ပီ ဆိုရင်တော့ (၂၀)ဒီဂရီ မတ်စောက်တဲ့ အတက်တွေချည်း ကြုံတွေ့ရပါတယ်။ ထွက်ထွက်ချင်းမှာ အထက်ဆီး ကနေမြင်ရတဲ့ မန္တလေး-စဥ့်ကူး လွင်ပြင်ကြီးနဲ့ မိုးကုတ်စက်ဝိုင်းကို မြင်တွေ့ ရမှာပါ။ အဲ့ဒီနေရာမှာတင် အရာ(၃)ခုကိုခင်ဗျားနှုတ်ဆက်ခဲ့ရပါမယ်။ (၁) မန္တလေး-စဥ့်ကူး လွင်ပြင်ကြီး (၂) မိုးကုတ်စက်ဝိုင်း (၃) လက်ရှိပူနေတဲ့နေမင်းကြီး ၊ ဘာလို့လဲဆိုတော့ မိုးကုတ်မှာ အမြဲတမ်းနီးနီးမိုးရွာနေပြီး မိုင်းတွေအုံ့နေလို့ မိုးကုတ်စက်ဝိုင်းတို့ နေမင်းတို့က ခင်ဗျားတို့လိုပဲ မိုးကုတ်မြို့ရဲ့ ဧည့်သည်လေးတွေပါပဲ။


ဖော့တော စစ်ဆေးရေးဂိတ်


မိုးကုတ်မြို့အ၀င်ရှုခင်း

ဖော့တောကနေ နောက် (၃)နာရီလောက် ဘယ်ကွေ့ညာကွေ့နဲ့ (၃၀)ဒီဂရီလောက် အတက်တွေကို ခင်ဗျား ကားဟာ ညဉ်းတွားရင်း တဖြည်းဖြည်း ဖြတ်သန်းသွား ရပါလိမ့်မယ်။ အဲ့တစ်ခုပြောဖို့မေ့နေလေရဲ့ ခင်ဗျား မိုးကုတ်ကိုလာမယ်ဆိုရင် ကား မမူး တတ်ဖို့တော့ လိုမယ်ထင်တယ်။ ဒါမှမဟုတ်ရင် ကားမူးပျောက်ဆေးရယ် ပလပ်စတစ် အိတ်ကြီးတစ်လုံးရယ် လိုပါလိမ့်မယ် (အန်ချရန်)။ ခန့်မှန်းရွာပေါင်း (၂၀)လောက် ခင်ဗျားဖြတ် ကျော်လာပြီးရင်တော့ " မိုးကုတ်မြို့ မှကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းပုဒ်ကိုမြင်တွေ့ရပါလိမ့်မယ်။
အဲ့ဒီ မိုးကုတ် ဆိုတဲ့ မြို့နယ်လေးရဲ့ ရွာတစ်ရွာမှာ ကျွန်တော်မွေးဖွားခဲ့ပါတယ်။ ကျွန်တော် မွေးတဲ့ရွာလေးဟာ မိုးကုတ်မြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ဆိုင်းပုတ်ကြီးရဲ့ အပြင်ဘက်မှာပါ။ ကျောက်ပြသာဒ်လို့အမည်ရပါတယ်။ အနီးတ၀ိုက် ရွာတွေထဲမှာ ဆိုရင်တော့ ကျွန်တော်တို့ရွာဟာ အကြီးဆုံးနဲ့အစည်ကားဆုံးပေါ့။ ပြသာဒ်နဲ့တူတဲ့ ကျောက်ဆောင်ကြီး ပေါ်မှာ ဘုရားတည်ထား ကိုးကွယ်ကြတာကို အစွဲပြုပြီး ကျောက်ပြသာဒ်ရွာ လို့ခေါ်ခဲ့တယ် လို့ကျွန်တော်တော့ ယူဆပါတယ်။ ဆိုင်းပုဒ်ကြီးရဲ့ ဘေးလမ်းခွဲကနေ ရွာကို (၁)မိုင်လောက်သွားရပါသေးတယ်။


အ၀င်ဝမှ ကျောက်ပြသာဒ်ရွာအား လှမ်းမြင်ရပုံ


ပြည်လုံးချမ်းသာဆုတောင်းပြည့်စေတီတော်


ပြည်လုံးချမ်းသာ စေတီတော်ပေါ်မှ ရွာအောက်ပိုင်းရှုခင်း
(ဆက်ရန်)-